ညမဖတ်ရ

 အစွဲအလမ်းတစ်ခုခု ကြီးပြီး သေသွားတဲ့သူများ ၊

လတ်တလော အစိမ်းသေ သေသွားတဲ့သူများ

ဟိုမရောက် ဒီမရောက် နေရာတွေမှာ ကျန်နေတတ်သည်ဟု




သရဲ တစ္ဆေများ တကယ်ရှိသလား ကျွန်တော် မသိပါ။ တကယ်ရှိကောင်း ရှိနိုင်ပါသည်။ လူတွေက စိတ်ကူးယဉ်ပြီး ပြောနေကြတာလည်း ဖြစ်ချင် ဖြစ်နိုင်ပါသည်။ ကျွန်တော်ကို သရဲ တစ္ဆေများ တကယ်ရှိပါသည် ဟုလာပြောလျှင်လည်း ကျွန်တော် ယုံချင်မှ ယုံမိမှာပါ။ သရဲ တစ္ဆေများ တကယ်မရှိပါဟု ပြောလာလျှင်လည်း ကျွန်တော် ယုံမည် မဟုတ်ပါ။ ဒီလောကမှာ သိပ္ပံပညာနှင့် ရှင်းပြ၍ မရသော အရာများစွာ ရှိသည် ဟုကျွန်တော် ယုံကြည်ပါသည်။ သေသွားပြီးလျှင် နောက်ဘဝဆိုတာ ရှိကောင်း ရှိမည် ဟု ကျွန်တော်လက်ခံထားပါသည်။ သေသွားပြီးသူ ပြန်ဝင်စား တတ်သည် ဆိုတာလည်း ဖြစ်နိုုင်ပါသည်ဟု ထင်ပါသည်။ ကျွန်တော်ကိုယ်တိုင်လည်း လူများပြန်ဝင်စား တာလားဟု အမြဲ ငယ်ငယ်က တွေးခဲ့ရပါသည်။ အဲဒီအကြောင်းများကို ကျွန်တော် နောက် ကြုံမှ သေချာ ပြောပြပါ ဦးမည်။ လူ ့ပြည်ဆိုတာ ရှိသလို နတ်ပြည်နှင့် ငရဲပြည် ဆိုတာလည်း ရှိကောင်းရှိနိုင်ပါသည်။ အဲဒီဟာတွေ အပြင် ဟိုမရောက် ဒီမရောက် နေရာတွေလည်း ရှိနိုင်ပါသည်။ အစွဲအလမ်းတစ်ခုခု ကြီးပြီး သေသွားတဲ့သူများ ၊ လတ်တလော အစိမ်းသေ သေသွားတဲ့သူများ ဟာ ဟိုမရောက် ဒီမရောက် နေရာတွေမှာ ကျန်နေတတ်သည်ဟု ထင်ပါသည်။ အဲဒီ ဟိုမရောက် ဒီမရောက် နေရာမှာ ရောက်နေသူများသည် တခါတရံမှာ လူ ့လောကမှ တချို ့လူများ နှင့် ထူးဆန်စွာ ဆက်သွယ်လို ့ ရတတ်ပါသည်။ ဒီအရာအားလုံး သည် ကျွန်တော် ကြားဖူးနားဝနှင့် ထင်မြင်ချက်များသာ ဖြစ်သည် သိပ္ပံပညာ အနေနှင့် သက်သေပြ၍ ရသော အရာများ မဟုတ်ပါ။ ကျွန်တော် ပြောပြမည့် ရွာဦးကျောင်းမှ သရဲ တစ္ဆေများ အကြောင်းကို လည်း တကယ့် အဖြစ်မှန်ဟုလည်း ကျွန်တော် မပြောလိုပါ၊ ကျွန်တော်ကိုယ်တိုင် ကြုံတွေ ့ခဲ့ရတာ မဟုတ်ပါ။ ဒါကြောင့် သက်သေလည်း မပြနိုင်ပါ။ မည်သူက ကျွန်တော့်အားပြောပြသည်ကိုလည်း ကျွန်တော် ပြောမပြနိုင်ပါ။ ဒါကြောင့် စာဖတ်သူများ ကြားဖူးသော ပုံပြင်များ အဖြစ်သာ ထားစေလိုပါသည်။

.

( ယူကလစ်ပင်နှင့် နေထိုင်မကောင်းဖြစ်သောဆရာတော် )


ရွာဦးက ဘုန်းကြီးကျောင်းဝင်းမှာ အလွန်အရိ်ပ်ကောင်းသော အပင်ကြီးများနှင့် စိမ်းစိမ်းစိုစို ရှိလှပါသည်။ နွေရာသီ တွင်ပင် အလွန် အရိပ်ကောင်း၍ ကလေးများ အမြဲ ဆော့ကစားရာ လူကြီးများ အမြဲ စကားစမြည် ပြောဆိုရာ နေရာ ဖြစ်ခဲ့သည်။ အဲဒီအပင်များထဲမှ ယူကလစ်ပင်တစ်ပင်သည် ကျောင်းဆောင် တစ်ခုနှင့် နီးကပ်စွာ ပေါက်နေသည် ။ အရွက်အကိုင်းများ လေတိုက်လျှင် အမြဲ ကျိုးကျသည်။ တနေ ့တွင် ဆရာတော် တပါးသည် အကိုင်းများ ကျိုးကျနေသည်ကို မြင်သော အခါ အနီးအနားတွင် လူရှိပါက အန ္တရာယ် ရှိနိုင်သည့် အတွက် ယူကလစ်ပင်ကြီးအား ခုတ်ပစ်ရန် စီမံတော့သည်။ ခုတ်နေစဉ် အတွင်း အကိုင်းတစ်ခု ကျိုးကျ၍ ဆရာတော်သည် ခြေထောက် ပွန်းသွားသည်။ " ဒီယူကလစ်ပင် တော်တော်ဒုက္ခပေးတယ် မြန်မြန် ခုတ်ပစ်တာကောင်းတယ်ဟု " လွှတ်ကနဲ အော်ဟစ် ပြောဆိုလိုက်မိသည်။ များမကြာမီနေ ့များမှာ ယူကလစ်ပင် ခုတ်ခဲ့သော ဆရာတော်သည် နေထိုင်မကောင်း ဖြစ်ပါသည်။ ဗိုက်ကနာသလို ဝမ်းကလည်းသွားသည်။ ဆေးသောက် ဆေးကုသ သော်လည်း မပျောက်နိုင်ပဲ ကုတင်ပေါ်တွင်သာ တလှဲလှဲ နှင့်နေနေရသည်။



တနေ ့ ဆွမ်းစားအပြီး စကားစမြည် ပြောဆိုနေချိန်တွင် ကျောင်းတိုင် ဆရာတော် ဆီသို ့ အပြင်မှ အသက်ကြီးကြီး ခေါင်းပေါင်းနှင့် လူတယောက် ဝင်လာပြီး လျှေက်ထားသည်မှာ " ဤဘုန်းကြီးကျောင်းတွင် ဆရာတော် တစ်ယောက် နေမကောင်း ဖြစ်နေပါသလား ။ ဖြစ်နေလျှင် ဖြစ်ရသည်မှာ ဆရာတော်သည် အပင်တစ်ပင်အား အခွင့်မတောင်းပဲ ခုတ်လိုက်သောကြောင့် အပင်၌ မှီခိုလျှက် နေသော တစ်စုံတစ်ယောက်က ဒေါသထွက်၍ လုပ်လိုက်တာ ဖြစ်ကြောင်း ၊ ထိုတစ်စုံတစ်ယောက်အား တောင်းပန်ပြီး နေရာအသစ်ပေးလိုက်လျှင် အဆင်ပြေသွားမည် ဖြစ်ကြောင်း " လျှေက်တင်ခဲ့သည်။ စကားပြောနေစဉ် ကျောင်းတိုင် ဆရာတော်သည် တခြားကိစ္စ ကြောင့် သတိ သေချာ မပြုမိလိုက်မိပေ ။ သတိထားမိသော အခါ ထိုလူကြီးသည် မရှိတော့ပါ ။ ဘယ်ကလည်း ဘယ်သူသိလည်း မေးမြန်းသောအခါ ကျောင်းက မည်သူကမှ မသိ မတွေ ့မိကြောင်း ဆရာတော်ဘုရားကို လျှောက်ထားကြသည်။


နေမကောင်းဖြစ်နေသော ဆရာတော်သည်လည်း သက်သာ မလာပဲ တစ်နေ ့တစ်ခြား ပို၍ ဆိုးလာသည်။ နောက်ဆုံးတွင် ကျောင်းတိုင် ဆရာတော် ဘုရားသည် ဟုတ်သော်လည်း အမြတ်၊ မဟုတ်သော်လည်း အကျိုးမယုတ် ဟုတွက်ခါ လူကြီးပြောခဲ့သော စကားကို သတိရ၍ လူကြီး အကြံပြုချက်အတိုင်း လုပ်ရန် ဆုံးဖြစ်လိုက်သည် ။ ခုတ်ထားသော ယူကလစ်ပင် ကြီး အနားသွား၍ တောင်းပန်စကား ပြောကြားပေးသည် ။ "ဤယူကလစ်အပင်၌ မှီခိုလျှက် နေခဲ့သောသူ၊ အပင်အား ခွင့်မတောင်းပဲ ခုတ်မိသော ဘုန်းကြီးအား အပြစ်မယူရန် ၊ အများကောင်းကျိုးကို ကြည့်၍ ဘုန်းကြီးက ခုတ်ခဲ့တာ ဖြစ်ကြောင်း ၊ ဘေးနားက သရက်ပင်အား သူကို အစားပေးပါကြောင်း ၊ သရက်ပင်တွင် ပြောင်းရွှေ ့နေထိုင်ရန် နှင့် ဘုန်းကြီးကျောင်းမှ သူများကို နောင် ဒုက္ခ မပေးရန် တောင်းပန် " ပြောဆိုသည်။ နောက်နေ ့များမှ စ၍ နေထိုင်မကောင်းသော ဆရာတော်သည် သိသိသာသာ အခြေအနေ တိုးတက်၍ ပြန်ကောင်းမွန်လာသည်။


ကျွန်တော်ထင်ပါတယ်။ ဒီကိစ္စ တိုက်ဆိုင်သွားတာလည်း ဖြစ်ကောင်းဖြစ်မယ်။ တကယ်လည်း ဖြစ်ချင်ဖြစ်နိုင်သည် ။ ငယ်ငယ်ကတည်းက ကျွန်တော်ကြားဘူးသည်မှာ အပင်ကြီးများကို ခုတ်သည့်အခါပဲ ဖြစ်ဖြစ် တောအုပ်များကို ရှင်းသောအခါမှာပဲ ဖြစ်ဖြစ် သချႋုင်းကုန်းများကို ရွှေ ့ပြောင်းသော အခါပဲ ဖြစ်ဖြစ် နဂိုနေရာများတွင် ရှိကောင်း ရှိနေနိုင်သောသူများ နေရာမပျောက်အောင် ဒုက္ခမရောက်အောင် အမျက်မထွက်အောင် သူတို ့အား နေရာအသစ် ပေးထားရပါသည်။ ခွင့်ပြုချက်တောင်းရပါသည်။ ဤ အယူအဆွဲကို ယုံကြည်သူများရှိသလို မယုံသူများလည်း ရှိပါသည်။ ကျွန်တော် ကတော့ ငယ်ငယ်ကတည်းက ဖြစ်ဖူးတာလေးတွေလည်း ရှိ ၊ ကျွန်တော့်အား ဆေးကုသပေးသော ဆရာကြံ ရှင်းပြခဲ့သည်များလည်း ရှိခဲ့တော့ ၊ မယုံတယုံပေမဲ့ အရှုံးမရှိဟု တွက်ခါ အပင်များ ခုတ်ခါနီးတိုင်း ခွင့်တောင်းတတ်သည့် အကျင့် စွဲနေပါသည်။



( ကျိုက်ထီးရိုးဘုရားပေါ်မှ မနန်းဖြူစော )


ကျောင်းတိုင် ဆရာတော်ဘုရားနှင့် ဆရာတော်များသည် တနေ ့တွင် ကျိုက်ထီးရိုးဘုရားဖူး ခရီး ထွက်ခဲ့ကြသည်။ ဆရာတော်ဘုရားနှင့် ကိုရင်ကြီး လေးပါး ပါလာသည် ။ တောင်ပေါ်တက်စဉ် လမ်းခုလတ် တစ်နေရာ၌ အမျိုးသမီးငယ် လေးနှစ်ယောက်သည် လမ်းဘေး ကျောက်တုံးများပေါ်တွင် ထိုင်နေသည်ကို တွေ ့ရသည် ။ ဆရာတော်များ အနားရောက်လာသော အခါ အမျိုးသမီးတို ့သည် သူတို ့နှင့်ပါလာသော ရေကို ကပ်သည် ။ ဆရာတော်များ နားနေစဉ် သူတို ့သည် ဆရာတော်များနှင့် တောင်ပေါ်သို ့ လိုက်ခဲ့ချင်ပါကြောင်း ၊ လမ်းတွင် ရေအေး ရေနွေး ကပ်ချင်ပါကြောင်း လျှောက်ထားသည်။ ကျောင်းတိုင်ဆရာတော်သည် ဆရာတော်များနှင့်တိုင်ပင်ကာ ဘုရားအတူ လိုက်ဖူး စေချင်ပါသော်လည်း မသင့်တော်ကြောင်း မိန်းကလေးများအား ကိုယ့်လမ်းကိုသွားကြတာ ပိုသင့်တော်ကြောင်း ပြောကြားပြီး တောင်ပေါ်သို ့ဆက်တက်ခဲ့ကြသည်။



ဆရာတော်များ တောင်ပေါ်သို ့ရောက်သောအခါ အံ့သြဖွယ်ရာ သူငယ်မလေးနှစ်ယောက်သည် အရင်ရောက်နှင့်သည်ကို တွေ ့ရသည်။ မေးမြန်းကြည့်သော အခါ သူငယ်မလေးများသည် သူတို ့လာနေကြမို ့လို ့ ဖြတ်လမ်းတွေ သိသဖြင့် အရင် ရောက်နှင့်တာ ဖြစ်ကြောင်း မတင်မကျ ပြောပြသည် ။ သူငယ်မလေး နှစ်ယောက်သည် ဆရာတော်များအား ရေအေး ရေနွေး ကပ်ချင်ပါကြောင်း လျှောက်ထားသည်။ ဆရာတော်များလည်း လက်ခံ၍ ဆုမွန်ကောင်းများ တောင်းပေးလိုက်သည် ။ တောင်အောက်သို ့ ပြန်ကြွခါနီးတွင် သူငယ်မလေးနှစ်ယောက်ထဲမှ တစ်ယောက်သည် ကိုရင်ကြီးတစ်ပါး နားကပ်၍ "နောင် ကံမကုန်လျှင် ပြန်ဆုံလိုကြောင်း နှင့် သူ ့နာမည်မှာ မနှင်းဖြူစော ဖြစ်ကြောင်း ၊ သူ ့အား သတိတရ လိုအပ်တာရှိလျှင် တမ်းတလိုက် စေချင်ကြောင်း " ဦးချ၍ ရှောက်ထားခဲ့သည်။ တအံ့တသြနှင့် ဆရာတော်များလည်း ပြန်ကြွခဲ့ကြသည်။ အပြန်လမ်းတွင် ချောချောမောမော ရောက်ခဲ့သည် ။ လမ်းခုလတ်တွင် သူငယ်မလေးနှစ်ယောက်သည် ရေပူရေအေး အကြိမ်ကြိမ် ကပ်ခဲ့သည်။


မှတ်ချက် - နဲနဲရှည်သွားပြီ ကျွန်တော် နောက်မှ ဆက်ရေးတော့မည်။ ကိုရင်ကြီး ၊ မနန်းဖြူစော ၊ ယူကလစ်ပင် မှ သရက်ပင်ရောက်သွားသော သူ ၊ အပြုစားခံရသော ကိုရင်လေး ၊ ဆရာတော် မြင်တွေ ့လိုက်သော အရက်မြင့်မြင့် အသားမဲမဲ သူ ၊ သပြေပင်အောက်နားက ကိုရင်လေး မွေးထားသော သရဲလေး နှစ်ကောင် အကြောင်းများ ကျွန်တော် နောက်မှ ဆက်ပြောပြတော့မယ်ဗျာ ။ ကျွန်တော့်အား ပြောပြသည့် သူများသည် ယုံကြည်လောက်၍ ကျွန်တော် အတွက်ကတော့ တကယ့် အဖြစ်အပျက် များဖြစ်ပါသည်။ ဒါပေမဲ့ ကျွန်တော်အစက ပြောခဲ့တာကို မမေ့ကြပါနှင့် ၊ ဤ အရာများကို ကြားဖူးသော ပုံပြင်များ အဖြစ်သာ မှတ်ထားစေလိုပါသည်။


credit to ATO

Comments